“ဒီနေ့ ဈေးကွက်က တော်တော်ကောင်းနေတယ်” စသဖြင့် စတော့ရှယ်ယာ၊ ဈေးကွက် ဒါမှမဟုတ် စတော့ဈေးကွက် စတဲ့အကြောင်း သူများတွေပြောတာကို ကြားဖူးကြမှာပါ။ ဒါပေမယ့် စတော့ရှယ်ယာဆိုတာ ဘာလဲ၊ စတော့ရှယ်ယာဈေးကွက်မှာ ရင်းနှီးမြှုပ်နှံတယ် ဆိုတာဘာလဲ သေချာမသိသေးဘူးလား။
မသိသေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ အောက်မှာ လေ့လာနိုင်ပါတယ်။
စတော့ဆိုတာ ဘာလဲ။ အစုရှယ်ယာဆိုတာ ဘာလဲ။
စတော့ဆိုတာ ကုမ္ပဏီတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်မှုကို ဆိုလိုတာဖြစ်ပြီး အစုရှယ်ယာဆိုတာကတော့ ကုမ္ပဏီမှာရှိတဲ့ ပိုင်ဆိုင်မှုယူနစ်ကို ဆိုလိုတာ ဖြစ်ပါတယ်။
ကုမ္ပဏီတစ်ခုမှာ စတော့တစ်ခု ပိုင်ဆိုင်ထားတယ်ဆိုရင် ဒီစတော့ထဲမှာ အစုရှယ်ယာအများကြီး ပါဝင်နိုင်ပါတယ်။ စတော့လို့ပြောရင် ကုမ္ပဏီတစ်ခုရဲ့ အစုရှယ်ယာတွေကို စုပေါင်းပြီး ခြုံငုံခေါ်ဆိုတာဖြစ်ပါတယ်။
စတော့ကို ရှယ်ယာလို့ သုံးလေ့ရှိသလို ရှယ်ယာကိုလည်း စတော့လို့ အပြန်ပြန်အလှန်လှန် ပြောင်းလဲသုံးနှုန်းတတ်ကြပါတယ်။
ကုမ္ပဏီတစ်ခုမှာ စတော့တစ်ခု (သို့မဟုတ် ရှယ်ယာများ) ပိုင်ဆိုင်ထားတယ်ဆိုရင် အဲဒီကုမ္ပဏီကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပြီး ကုမ္ပဏီရဲ့ အစုရှယ်ယာရှင် (shareholder or stockholder) ဖြစ်လာပါတယ်။
ကုမ္ပဏီတွေက ဘာလို့ အစုရှယ်ယာတွေကို ထုတ်ရောင်းတာလဲ။
ကုမ္ပဏီတစ်ခုက သူ့ရဲ့အစုရှယ်ယာတွေကို ထုတ်ရောင်းတယ်ဆိုတာ ကုမ္ပဏီပိုင်ဆိုင်မှုအစိတ်အပိုင်းလေးတွေကို ရောင်းချတဲ့သဘောပါ။ ကုမ္ပဏီဆိုတာက တန်ဖိုးရှိတဲ့ အရာတစ်ခုဖြစ်တာကြောင့် နောင်အခါမှာ အကျိုးအမြတ်တွေရလာမှာဖြစ်တဲ့အတွက် ဒီကုမ္ပဏီကို တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ခြင်းက ကိုယ့်ကို ကုမ္ပဏီတန်ဖိုးရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်သွားစေပါတယ်။ ဒါကြောင့်လည်း အစုရှယ်ယာတွေကို ပိုက်ဆံပေးဝယ်ယူကြတာပါ။
ကုမ္ပဏီရဲ့ဘဏ္ဍာငွေ တိုးများလာစေဖို့အတွက် အစုရှယ်ယာတွေကို ထုတ်ရောင်းကြတာဖြစ်ပါတယ်။ အစုရှယ်ယာထုတ်ရောင်းလို့ ရလာတဲ့ငွေတွေကို လုပ်ငန်းကြီးပွားဖို့အတွက် အသုံးပြုကြပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း နောင်အနာဂတ်မှာ အစုအပေါ်အမြတ်ဝင်ငွေ (Dividends) သော်လည်းကောင်း၊ ရေရှည်အမြတ်အစွန်းဝင်ငွေ (Capital gain) သော်လည်းကောင်း ရရှိဖို့ မျှော်လင့်တဲ့အတွက် ငွေကြေးရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်ကြပါတယ်။
အစုရှယ်ယာတွေကို ဘာလို့ အရောင်းအဝယ်လုပ်ကြတာလဲ။
များသောအားဖြင့်တော့ ဝင်ငွေရချင်တဲ့အတွက် အစုရှယ်ယာတွေကို အရောင်းအဝယ်လုပ်ခြင်း ဖြစ်ပါတယ်။
အစုရှယ်ယာတွေကို အရောင်းအဝယ်လုပ်ခြင်းဖြင့် ဝင်ငွေ (၂) မျိုး ရရှိနိုင်ပါတယ်။
. အစုအပေါ်အမြတ်ဝင်ငွေ (Dividends) – ကုမ္ပဏီကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူဖြစ်တဲ့အတွက် အကျိုးအမြတ်တွေအပေါ်မှာ ပိုင်ဆိုင်တဲ့အစုအလိုက် အကျိုးခံစားခွင့် ရှိပါတယ်။ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူတွေကို အကျိုးအမြတ်ပေးဝေဖို့ ဆုံးဖြတ်လိုက်တဲ့အခါ အစုအပေါ်အမြတ်ဝင်ငွေ ရရှိပါလိမ့်မယ်။
. ရေရှည်အမြတ်အစွန်းဝင်ငွေ (Capital gains) – ကုမ္ပဏီက တိုးတက်ပြီး အကျိုးအမြတ် များသထက်များအောင် လုပ်ဆောင်နိုင်တယ်ဆိုရင် ကုမ္ပဏီရဲ့တန်ဖိုးကလည်း မြင့်တက်လာပါလိမ့်မယ်။ ဒါဆိုရင် ကိုယ်ပိုင်ဆိုင်တဲ့ ကုမ္ပဏီရဲ့အစုရှယ်ယာကလည်း တန်ဖိုးမြင့်တက်လာပါလိမ့်မယ်။ ကိုယ်ဝယ်ယူခဲ့တဲ့တန်ဖိုးထက် များတဲ့တန်ဖိုးနဲ့ ပြန်လည်ရောင်းချခြင်းဖြင့်လည်း အကျိုးအမြတ်ရရှိနိုင်ပါတယ်။
စတော့ရှယ်ယာတွေကို အရောင်းအဝယ်လုပ်ကြတဲ့ အကြောင်းအရင်း နောက်တစ်ခုကတော့ ကုမ္ပဏီအပေါ်ကို ထိန်းချုပ်ခွင့်ရချင်တဲ့အတွက်ပါ။ အစုရှယ်ယာရှင်တွေက ကုမ္ပဏီရဲ့ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူတွေ ဖြစ်တာကြောင့် ကုမ္ပဏီရဲ့ အရေးပါတဲ့ဆုံးဖြတ်ချက်တွေမှာ မဲပေးပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့်လည်း ရှယ်ယာအမျိုးအစားတိုင်းကတော့ မဲပေးခွင့်ရရှိမှာ မဟုတ်ပါဘူး။ ရှယ်ယာအပေါ်မူတည်ပြီး အခွင့်အရေးအမျိုးမျိုး ရှိတတ်ပါတယ်။
စတော့ရှယ်ယာ ဝယ်ခြင်း၊ ရောင်းခြင်းဖြင့် ဘယ်လိုဆုံးရှုံးနိုင်ခြေရှိလဲ။
စတော့ရှယ်ယာဈေးကွက်မှာ ရင်းနှီးမြှုပ်နှံခြင်းက အကျိုးအမြတ်ရှိနိုင်သလို ဆုံးရှုံးနိုင်ခြေလည်းရှိပါတယ်။
ကုမ္ပဏီတွေဆိုတာက အမြဲတမ်း အကျိုးအမြတ်ရနေတာ မဟုတ်တော့ အမြဲတမ်းလည်း တန်ဖိုးတက်နေမှာ မဟုတ်ပါဘူး။ ကုမ္ပဏီတိုင်းကလည်း အစုအပေါ်အမြတ် ခွဲဝေမပေးပါဘူး။ အဲလိုခွဲဝေပေးတဲ့ကုမ္ပဏီတွေကလည်း နောင်တစ်ချိန်မှာ မပေးတော့တာမျိုးလည်း လုပ်လို့ရပါတယ်။ တကယ်လို့ ကုမ္ပဏီရဲ့တန်ဖိုး မတက်လာဘူးဆိုရင် ကိုယ်ပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာတန်ဖိုးကလည်း တက်လာမှာ မဟုတ်ပါဘူး။
ကုမ္ပဏီတစ်ခုရဲ့ အကျိုးအမြတ်၊ တိုးတက်မှုနဲ့ လုပ်ငန်းတန်ဖိုးတွေက အကြောင်းအချက်အများကြီးအပေါ် မူတည်ပါတယ်။ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှု၊ ကံဆိုးခြင်းတွေကလည်း ကုမ္ပဏီရဲ့တန်ဖိုးကို ကျဆင်းစေနိုင်သလို နိုင်ငံရေး သို့မဟုတ် ဥပဒေအပြောင်းအလဲ၊ စစ်ပွဲ၊ ကူးစက်ရောဂါ အစရှိတဲ့ ကုမ္ပဏီရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ အခြားပြင်ပအကြောင်းအရင်းများကလည်း ကုမ္ပဏီရဲ့တန်ဖိုးကို တဟုန်ထိုး ကျဆင်းစေနိုင်ပါသေးတယ်။
အဲဒီလိုမျိုးဖြစ်တဲ့အခါ ကုမ္ပဏီကို တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ခြင်းက ကိုယ့်အတွက် ဘာအကျိုးအမြတ်မှ ရရှိအောင် ဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အဆိုးဆုံးအခြေအနေ အနေနဲ့ ကုမ္ပဏီရဲ့ စီးပွားရေးလုံးဝရပ်တန့်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာတွေက လုံးဝတန်ဖိုးမရှိတော့တဲ့အထိလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လို အစုရှယ်ယာတွေကို ရောင်းဝယ်လို့ရမလဲ။
ကိုယ်ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီက အများပြည်သူပိုင်စာရင်းဝင်ကုမ္ပဏီ ဖြစ်တယ်ဆိုရင် အဲဒီကုမ္ပဏီစာရင်းဝင်ထားတဲ့ စတော့အိပ်ချိန်းမှာ အရောင်းအဝယ်လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရန်ကုန်စတော့အိပ်ချိန်းမှာ ကုမ္ပဏီ (၆) ခုက စာရင်းဝင်ထားပါတယ်။ အဲဒီကုမ္ပဏီ (၆) ခုရဲ့ အစုရှယ်ယာတွေကို အရောင်းအဝယ်လုပ်လို့ရပါတယ်။
ကုမ္ပဏီက အများပြည်သူပိုင် ဖြစ်ပေမယ့် စာရင်းမဝင်ထားဘူးဆိုရင် ငွေချေးသက်သေခံလက်မှတ် အကျိုးဆောင်ကုမ္ပဏီများရဲ့ အကူအညီနဲ့ အရောင်းအဝယ် ပြုလုပ်လို့ ရကောင်း ရနိုင်ပါတယ်။
ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ အစုရှယ်ယာအတွက်တော့ ရင်းနှီးမြှုပ်နှံဖို့ ပိုခက်ခဲပါတယ်။ သူတို့မှာ ထားရှိနိုင်တဲ့ အစုရှယ်ယာဝင် အရေအတွက်ကို ကန့်သတ်ထားပြီး များသောအားဖြင့် ရှယ်ယာတွေကို ထုတ်မရောင်းတာများပါတယ်။ ပုဂ္ဂလိကကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်တော့ လက်ရှိပိုင်ရှင် (လက်ရှိ ရှယ်ယာရှင်များ)နဲ့ တိုက်ရိုက်တွေ့ဆုံပြီးညှိနှိုင်းဖို့ လိုပါလိမ့်မယ်။
စတော့ရှယ်ယာတွေအကြောင်း လေ့လာပြီးပြီဆိုတော့ ဒီရှယ်ယာတွေကို ဘယ်လို အရောင်းအဝယ်လုပ်မလဲ ဆိုတာ ဒီမှာ ဆက်လက်လေ့လာနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး စတော့အိပ်ချိန်းဖြစ်တဲ့ ရန်ကုန်စတော့အိပ်ချိန်း (YSX) အကြောင်းကို ဒီမှာ လေ့လာပါ။
Credit: https://shwedingar.com/insure-and-invest-what-are-stocks/
Monday, September 21, 2020
စတော့ရှယ်ယာဆိုတာဘာလဲ
Subscribe to:
Post Comments (Atom)
စတော့ရှယ်ယာဆိုတာဘာလဲ
“ဒီနေ့ ဈေးကွက်က တော်တော်ကောင်းနေတယ်” စသဖြင့် စတော့ရှယ်ယာ၊ ဈေးကွက် ဒါမှမဟုတ် စတော့ဈေးကွက် စတဲ့အကြောင်း သူများတွေပြောတာကို ကြားဖူးကြမှာပါ။ ဒ...
-
“ဒီနေ့ ဈေးကွက်က တော်တော်ကောင်းနေတယ်” စသဖြင့် စတော့ရှယ်ယာ၊ ဈေးကွက် ဒါမှမဟုတ် စတော့ဈေးကွက် စတဲ့အကြောင်း သူများတွေပြောတာကို ကြားဖူးကြမှာပါ။ ဒ...
No comments:
Post a Comment